ဂျပန်ဧကရာဇ်တွေရဲ့ တော်ဝင်နန်းစဉ် ရတနာ ၃ မျိုး - Bees Media Myanmar

မေလ ၁ ရက်နေ့က ဂျပန်နိုင်ငံမှာ အိမ်ရှေ့စံမင်းသား နာရူဟီတို နန်းတက်ပြီး ဧကရာဇ်ဘုရင် ဖြစ်လာပါတယ်။ ဒီမတိုင်ခင် တစ်ရက်ကပဲ သူ့ဖခင်ဘုရင်ကြီး အာကီဟီတိုက နန်းစွန့်ပေးခဲ့ပါတယ်။ ဒီ နန်းစွန့်တာနဲ့ နန်းတက်တာတွေကို ရှေးရိုးထုံးတမ်း ရှင်တို ဘာသာရေးအစဉ်အလာတွေအတိုင်းပဲ ကျင်းပကြပါတယ်။ အဲဒီ အခမ်းအနားတွေမှာ အရေးအကြီးဆုံးကတော့ တော်ဝင်နန်းစဉ်ရတနာသုံးပါးပါပဲ။ အဲဒီ နန်းစဉ်ရတနာတွေကတော့ မှန်တစ်ချပ်၊ ဓားတစ်လက်နဲ့ နန်းစဉ်ကျောက်မျက်တစ်လုံးပဲဖြစ်ပါတယ်။

ဒီနန်းစဉ်ရတနာတွေ ဘယ်က ဆင်းသက်လာတယ်၊ ဘယ်မှာ ထားသလဲဆိုတာတွေအားလုံးက လျှို့ဝှက်ဆန်းကြယ် အသိရခက်တဲ့ ပဟေဠိတစ်ခုလိုပါပဲ။ ဒါပေမယ့် အဲဒီ နန်းစဉ်ရတနာတွေဆိုတာကလည်း ဂျပန်ရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်နေပါတယ်။

ယာတနော့ ကာဂါမိ – နန်းစဉ် မှန်ချပ်

သက်တမ်း နှစ်ပေါင်း ၁၀၀၀ ကျော်ပြီလို့ဆိုတဲ့ ဒီမှန်ချပ်ကိုတော့ မီယဲပြည်နယ်က အီဆဲဘုရားကျောင်းတော်ကြီးမှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။ ဂျပန် စာရိတ္တဗေဒတက္ကသိုလ်က ရှင်ဆုကေး တာကေနာကာ ကတော့ တော်ဝင်နန်းစဉ်ရတနာတွေထဲမှာ ဒီမှန်က အရေးအပါဆုံးလို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ်က နန်းတက်ပွဲမှာ ဒီမှန် တစ်ခုပဲ မပါပဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ ရိုးရာဒဏ္ဍာရီတွေထဲမှာတော့ မှန်တွေမှာ နတ်တန်ခိုးရှိကြပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ တော်ဝင်နန်းတွင်း အခမ်းအနားတွေမှာ ယာတနော့ ကာဂါမိ လို့ ခေါ်တဲ့ ရှစ်ထောင့်ပါမှန်ချပ်ဟာ ဧကရာဇ် ဘုရင်ရဲ့ အသိဉာဏ်ပညာကို ကိုယ်စားပြုတယ်ဆိုပြီး သုံးစွဲကြပါတယ်။

ဂျပန်ရဲ့ သမိုင်းနဲ့ ဒဏ္ဍာရီတွေကို ရေးထိုးမှတ်တမ်းတင်ထားတဲ့ ကိုဂျိကိရှေးဟောင်းမှတ်တမ်းကြီး အဆိုအရဆိုရင် ယာတနော့ ကာဂါမီကို အီရှီကိုရီဒိုမေနတ်သားက ဖန်တီးပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ နေနတ်သမီး အာမာတေရဆုက သူ့အစ်ကိုတော် ပင်လယ်နဲ့ မုန်တိုင်းနတ်သား ဆူဆာနိုးနဲ့ စစ်ပွဲဆင်ပြီးတဲ့အချိန်မှာ ကမ္ဘာလောကကြီးရဲ့ အလင်းရောင်ကိုပါ ယူဆောင်ပြီး ဂူတစ်ခုထဲကို ဝင်ရောက် ရှောင်တိမ်းခဲ့ပါတယ်။

ဆူဆာနိုးက ပါတီပွဲကြီးတစ်ခု ကျင်းပပြီး ညီမတော်ကို အပြင်ထွက်လာဖို့ ဆွဲဆောင်ပါတယ်။ အာမာတေရဆုဟာ မှန်ထဲမှာ ပြန်မြင်ရတဲ့ သူ့အလင်းရောင်ကြောင့် မျက်စိတွေကျိန်းပြီး မမြင်နိုင်ဖြစ်ရပါတယ်။ မောင်နှစ်မနှစ်ယောက် စစ်ပြေငြိမ်းကြပြီး ကမ္ဘာလောကကြီးဆီကိုလည်း အလင်းရောင်ကို ပြန်ဆောင်ယူလာပေးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ မှန်တော်ရော တခြားရတနာတွေပါ အာမာတေရဆုရဲ့ မြေးတော် နီနိဂိရဲ့ လက်ထဲ ရောက်လာပါတယ်။ ပါမောက္ခ တာကေနာကာကတော့ ဒဏ္ဍာရီတွေကို ကိုးကားပြီး ဘွားအေကြီး အာမာတေရဆုနတ်သမီးကြီးက မြေးတော် နီနိဂိကို အဲဒီမှန်ကို အဘွားရဲ့ ဝိဉာဉ်အမှတ်နဲ့ ပြုစုစောင့်ရှောက်ပါ။ သန့်စင်သော ကိုယ်ခန္ဓာ စိတ်ဓာတ်နဲ့ စောင့်ရှာက်ပါလို့ မှာခဲ့တယ်လို့ ဆိုပါတယ်။ နီနိဂိဟာ ဘီစီ ၆၆၀ မှာ ဂျပန်ရဲ့ ပထမဆုံး ဧကရာဇ်ဖြစ်လာသူလို့ ရာဇဝင်တွေက ဆိုတဲ့ ဂျင်မုဘုရင်ကြီးရဲ့ အဘေးတော်သူလို့ ဒဏ္ဍာရီတွေက ဆိုပါတယ်။

ကူဆာနာဂိနော့ ဆုရုဂိ – တော်ဝင်ဓား

ကူဆာနာဂိနော့ ဆုရုဂိလို့ခေါ်တဲ့ မြက်ဖြတ်ဓားကို ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာက သိပ်မရှင်းပါဘူး။ ဒါပေမယ့် နာဂိုယာမြို့က အတ်ဆုတဘုရားကျောင်းမှာ ဖြစ်မယ်လို့ အများက ယုံကြည်ထားပါတယ်။ ဒဏ္ဍာရီအဆိုအရဆိုရင် ဒီဓားဟာ လူချမ်းသာ မိသားစုရဲ့ သမီးတော်တွေကို ဝါးမျိုစားသောက်နေတဲ့ ခေါင်းရှစ်လုံးပါတဲ့ မြွေကြီးရဲ့ အမြီးမှာပေါက်တဲ့ ဓားလို့ ဆိုကြပါတယ်။

ဖခင်ကြီးက ဆူဆာနိုးကို ဒီမြွေကြီးကို နှိမ်နင်းပေးဖို့ အကူအညီတောင်းပါတယ်။ အောင်မြင်ရင် မြွေကြီး မစားသေးဘဲ ကျန်နေသေးတဲ့ နောက်ဆုံး သမီးတော်နဲ့ ပေးစားပါမယ်လို့လည်း ကတိပြုပါတယ်။ ဆူဆာနိုးက မြွေကြီးကို လှည့်ဖျားပြီး အရက်တွေမူးအောင်တိုက်၊ ပြီးတဲ့အခါ မြွေကြီးရဲ့ အမြီးကို ဖြတ်လို့ ဓားကို ယူလိုက်ပါတယ်။

ဒါပေမယ့် ဓားက သူ့လက်ထဲမှာလည်း ကြာကြာမခံပါဘူး။ သူ့ နှမတော် အာမာတေရဆုနဲ့ စစ်ပြေငြိမ်းရာမှာ ဒီဓားကို ပေးလိုက်ရပါတယ်။ ဒီဓားက ဧကရာဇ်ဘုရင်ရဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ဒီဓားအကြောင်းလည်း နောက်ထပ်ဘာမှ မသိရ၊ ဘယ်နေရာမှာ သိမ်းထားမှန်းလည်း မသိကြတော့ ဒီဓား တကယ်ရှိရဲ့လားလို့ တချို့ကလည်း မေးခွန်းထုတ်ကြပါတယ်။ တကယ်လည်း ဒီဓားကို လျှို့ဝှက်စွာ သိမ်းဆည်းထားတာပါ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အီဒိုကာလမှာ ဒီဓားကို တွေ့မြင်ဖူးတယ်ဆိုတဲ့ ဘုန်းတော်ကြီး တစ်ပါးဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။

၁၂ ရာစုတုန်းက စစ်ပွဲတစ်ခုအတွင်း ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပျောက်သွားတယ်ဆိုတဲ့ အဲဒီဓားကိုယ်တိုင်ကလည်း ပုံတူပွားထားတာသာ ဖြစ်နိုင်ပြီး အခု နန်းတော်မှာ သိမ်းထားတဲ့ နောက်ထပ် ပုံတူပွားထားတဲ့ ဓားတစ်စင်းကိုပဲ နန်းတက်ပွဲ အခမ်းအနားတွေမှာ သုံးနေတာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ တာကေနာကာက ပြောပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဧကရာဇ်ဘုရင် အာကီဟီတိုနန်းတက်တော့ သူ့ကို ကူဆာနာဂီနော့ ဆုရုဂီဓားလို့ ဆိုတဲ့ ဓားကို အဲဒီအခမ်းအနားမှာ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ပေးခဲ့တဲ့ ဓားပါတယ်ဆိုတဲ့ သေတ္တာကတော့ အခုအထိ မဖွင့်ရသေးပါဘူး။

ယာဆာကာနီနော့ မာဂါတာမာ- တော်ဝင်ကျောက်မြတ်

မာဂါတာမာဆိုတာကတော့ ဘီစီ ၁၀၀၀ လောက်က စပြီး ဂျပန်နိုင်ငံမှာ ပြုလုပ်သုံးစွဲလာတဲ့ ပုတီးစေ့ပုံ ကျောက်တစ်မျိုးဖြစ်ပါတယ်။ ကနဦးမှာ အဆင်အယင်အဖြစ်သုံးခဲ့ရာကနေ နောက်ပိုင်းမှာတော့ အရေးပါတဲ့ သင်္ကေတတစ်ခု ဖြစ်လာပါတယ်။ ဒဏ္ဍာရီတွေထဲက အတိုင်းဆိုရင် ယာဆာကာနီနော့ မာဂါတာမာကျောက်ဟာ ပျော်ရွှင်ခြင်းနတ်သမီး အာမေနော အူဇူမေ ဝတ်ဆင်ခဲ့တဲ့ လည်ဆွဲထဲက ကျောက်တစ်လုံး ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းနတ်သမီးဆိုတာကတော့ အာမာတေရဆုနတ်သမီးကို သူပုန်းနေတဲ့ ဂူထဲက ထွက်လာအောင် ဆွဲဆောင်ခေါ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။

သူက အဲဒီအချိန်က ပုတီးစေ့တွေကို လည်မှာ ဆွဲပြီး ကကွက်ဆန်းတွေ ကပြတဲ့အခါ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး ဂူထဲအောင်းနေတဲ့ နေနတ်သမီးက အာရုံစိုက်မိသွားအောင် ဖြစ်ပါတယ်။ ဘယ်လို အစပြုခဲ့တယ်ပဲဆိုဆို ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ ယာဆာကာနီနော့ မာဂါတာမာကျောက်ဟာ နန်းစဉ် ရတနာသုံးမျိုးထဲမှာ တစ်ခုတည်းသော မူရင်း ပစ္စည်းဖြစ်နိုင်ပါတယ်။ အဲဒီကျောက်ကို တိုကျိုက ဘုရင့်နန်းတော်မှာ သိမ်းထားပါတယ်။ နန်းတက်ပွဲ အခမ်းအနားမှာ ဆို ဧကရာဇ်ဘုရင်ကြီးရဲ့ စိတ်နှလုံးကောင်းမွန်မှုကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ထုတ်သုံးတာ ဖြစ်ပါတယ်။

Admin N

Leave a Comment