နွမ်းပါးသူလေးတွေအတွက် ဂျင်းထည်ဟောင်းတွေကနေ ကျောပိုးအိတ်ဖန်တီးလှူဒါန်းပေးနေတဲ့ သူငယ်ချင်း ၃ယောက် - Bees Media Myanmar

အခုပြောပြပေးချင်တာကတော့ အိန္ဒိယက နွေးထွေးတဲ့မေတ္တာတရားအကြောင်းပါ။ အိန္ဒိယမှာ နှစ်စဉ် ဂျင်းအဝတ်အထည်ပေါင်း ၁သန်းခန့်ကို စွန့်ပစ်လျှက်ရှိပါတယ်။ အဲဒီထဲကမှ စုစုပေါင်းရဲ့ ၂၇% ကိုသာ ပြန်လည်အသုံးပြုပြီး ကျန်တဲ့အထည်တွေကတော့ ပုံမှန်အမှိုက်တွေလိုပဲ အမှိုက်ပုံရောက်သွားကြပါတယ်။ ဂျင်းဘောင်းဘီ တစ်ထည်ဖြစ်လာဖို့ ရေလီတာပေါင်း ၈ထောင်ခန့် သုံးရပါသတဲ့။ ဒါပေမယ့် အဲလိုရလာတဲ့ ဂျင်းအဝတ်အထည်တွေ ဟောင်းသွားတဲ့အခါ အိန္ဒိယသားတွေဟာ စွန့်ပစ်လိုက်ပါတယ်။

ဒါကြောင့် ဒီလိုအလဟသက်သက် ဖြစ်သွားမယ့်အစား ပြန်လည်အသုံးပြုလို့ရမယ့် အိုင်ဒီယာကို သူငယ်ချင်းသုံးယောက်က စဉ်းစားမိခဲ့ကြပါတယ်။

ဒါကြောင့် သူတို့ဟာ Jodhpur မြို့မှာ Solecraft ဆိုတဲ့အဖွဲ့လေး တစ်ဖွဲ့ကို ထူထောင်ခဲ့ကြပါတယ်။ အဲဒီ သုံးယောက်ကတော့ Mrinalini Rajpurohit, Atul Mehta နဲ့ Nikhil Gehlot တို့ဖြစ်ပါတယ်။ သူတို့ဟာ ဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၁နှစ်လောက်က ထူထောင်ခဲ့တာဖြစ်ပြီး သူတို့ဟာ စွန့်ပစ်ဂျင်းထည်တွေနဲ့ ကျောပိုးအိတ် ၊ ဖိနပ် နဲ့ ခဲတံအိတ်တွေကို ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ရလာတဲ့ ပစ္စည်းတွေကို Jodhpur ဒေသတဝိုက်က ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေထံ ပြန်လည်လှူဒါန်းခဲ့ကြပါတယ်။

ဒီအဖွဲ့ကိုတည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Atul Mehta က အရင်က အထည်လုပ်ငန်းလုပ်ခဲ့သူဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ အဝတ်အထည်တွေဟာ အမှိုက်တွေထဲမှာ တတိယမြောက်စွန့်ပစ်မှု အများဆုံးဖြစ်နေပါတယ်။ ဒီအဝတ်တွေရလာဖို့ လျှပ်စစ် နဲ့ ရေတွေ အများကြီးသုံးခဲ့ရပါတယ်။ စွန့်ပစ်အဝတ်တွေကို တတ်နိုင်သလောက် ပြန်သုံးလို့ရအောင်ဖန်တီးမယ်ဆိုရင် လျှပ်စစ် နဲ့ ရေကို ချွေတာပြီးဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ကိုလည်းအထောက်အကူပေးနိုင်တယ်”လို့ သူကဆိုပါတယ်။

ဒီပြသနာကို သူတွေးမိပြီးတဲ့နောက် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Mrinalini Rajpurohit နဲ့ Nikhil Gehlot တို့ကို တိုင်ပင်ခဲ့ပါတယ်။ သုံးယောက်သား အဖြေရှာကြတဲ့အခါ နောက်ဆုံးမှာတော့ အခုလို အိတ်တွေပြန်ချုပ်ကာ လှူဒါန်းမယ့် အကြံကို ရခဲ့ကြတာဖြစ်ပါတယ်။

ပရဟိတလုပ်ငန်းဖြစ်ပေမယ့် အသုံးပြုမယ့် ကုန်ကျစရိတ်ကတော့ လိုပါတယ်။ ဒီအတွက် သုံးယောက်သားပေါင်းကာ သူတို့ကိုယ်ပိုင်ငွေထဲကနေ ရူပီး ၁သိန်းကျော်မတည်ခဲ့တယ်။ အဲဒီနောက်တော့ မီဒီယာတွေက တဆင့် အဝတ်အထည်အဟောင်းတွေကို သူတို့ထံ လှူဒါန်းနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ လူတွေကလည်း လိုလိုလားလားပဲ လှူဒါန်းကြတဲ့အတွက် အဝတ်ထည်ဟောင်း အများအပြားရခဲ့ပါတယ်။

အဝတ်အထည်ဟောင်း ၁၅၀၀လောက်ရပြီးတဲ့နောက်မှာတော့ သူတို့ဟာ ဒေသခံစက်ချုပ်ဆရာတွေ နဲ့ အခြားဝန်ထမ်းတွေကို ၁လ ရူပီး ၂သောင်းနဲ့ ငှားရမ်းကာ အိတ်တွေ၊ဖိနပ်တွေ ပြန်လည်ချုပ်ခဲ့ပါတယ်။ လက်ရှိဆိုရင် ဂျင်းကျောပိုးအိတ်ပေါင်း ၁၂၀၀ ခန့်ကို ကလေးငယ်များအတွက် ဖန်တီးလှူဒါန်းပေးနိုင်ခဲ့ပြီး ဒီလုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

အိန္ဒိယက ကလေးငယ် သန်းပေါင်းများစွာဟာ လက်ဗလာ နဲ့ ကျောင်းတက်နေရတာဖြစ်ပြီး သူတို့ရဲ့အခုလို ကူညီမှုဟာ အသေးအဖွဲလို့ ဆိုပေမယ့် ပညာရေးကိုတဖက်တလမ်းက ကူညီပေးသလိုဖြစ်တယ်လို့ သူတို့ကယုံကြည်ကြပါတယ်။ ဆက်လက်ပြီး အနည်းဆုံး ကလေးငယ် ၁သန်းခန့်ကို ကူညီနိုင်တဲ့အထိ ကြိုးပမ်းသွားဖို့ ရည်မှန်းထားကြတယ်လို့ သိရပါတယ်။

ဘယ်လိုပဲ ဘာသာ လူမျိုးကွဲပြားပါစေ။ မေတ္တာတရားပေါများရင် ချစ်ခင်လေးစားထိုက်သူတွေလို့ သတ်မှတ်နိုင်တယ်မလား။ ဒီလို မွန်မြတ်လှတဲ့ သူငယ်ချင်းသုံးယောက်ကို သာဓုခေါ်လိုက်ကြရအောင်ဗျာ။ နောက်ထပ်လည်း မွန်မြတ်လှတဲ့ လှူဒါန်းမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါစေသူငယ်ချင်းတို့။

Admin N

Leave a Comment