ပေါင် (၁၀၈) သန်း (၅) နှစ်စာချုပ်နဲ့ ချုပ်ဆိုတော့မယ့် ဂျေဒန်ဆန်ချို - Bees Media Myanmar

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရေရှည်ပစ်မှတ်ထား လာခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ဆန်ချိုတို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းဟာ အခုချိန်မှာတော့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ဆန်ချိုအတွက် ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် (၁၀၈) သန်းအထိ ပေးချေသွားရမှာ ဖြစ်ပြီး ယခု နွေရာသီမှာ ပေါင် (၆၃) သန်း စတင် ပေးချေသွားရမှာ ဖြစ်ပါတယ်။

နောက်ထပ် ကျန်ရှိနေသည့် ပြောင်းရွှေ့ကြေးတွေကိုတော့ လာမည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် (၂) ခုမှာ ပေါင် (၂၇) သန်းနှင့် ပေါင် (၁၈) သန်းတို့ကို ထပ်မံ ပေးချေသွားရမှာ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ကစားသမားနှင့် (၅) နှစ်စာချုပ် ချုပ်ဆိုသွားဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပေမယ့် ဒေါ့မွန်အသင်းနှင့် ပြောင်းရွှေ့ကြေးအတွက် ဆက်လက် ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားခြင်းက အသက် (၂၀) အရွယ် အင်္ဂလန် ကြယ်ပွင့်အတွက် မန်ချက်စတာမြေကို တစ်ကျော့ပြန်လည် ခြေချချင်တဲ့စိတ်တွေ ပိုမိုပြီး ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ဒေါ့မွန်အသင်းဘက်မှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးကိုလည်း ယူနိုက်တက် အသင်းမှလွဲပြီး တခြားသော ကလပ်အသင်းတွေ အနေနဲ့ ပေးချေသွားရန် ဆန္ဒမရှိကြဘူးလို့လည်း သိရပါတယ်။

ဒေါ့မွန်အသင်းဘက်ကလည်း ယူနိုက်တက် အသင်းရဲ့ အရစ်ကျပေးချေသွားမည့် ပုံစံကို သဘောကျလျက် ရှိနေပြီး ကစားသမား ကိုယ်တိုင်ကလည်း နှစ်ဖက်အသင်းကြား ညှိနှိုင်းမှုများ အဆင်ပြေစေရန် မျှော်လင့်လျှက် ရှိတယ်လို့ သိရပါတယ်။ ဂျေဒန်ဆန်ချို ကတော့ ဒီနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့သလို အဓိက ကစားသမား တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး သွင်းဂိုး (၁၇) ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

Leave a Comment