ဖုန်းအားလုံးမှာ Unicode သုံးလို့အဆင်ပြေနိုင်ပြီလား - Bees Media Myanmar

အောက်တိုဘာ (၁) ရက်နေ့ကတော့ စမတ်ဖုန်းအသံုးပြုသူများနဲ့ ကွန်ပျူတာသံုးစွဲသူများအတွက် Unicode ဆိုတဲ့ အပြောင်းအလဲ တစ်ရပ်နဲ့ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါဟာ မြန်မာပြည်တစ်ခုလုံးအတိုင်းအတာနဲ့ အနည်းငယ်ခက်ခဲတဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

ယူနီကုဒ်ပြောင်းတဲ့နေရာမှာ ဖုန်းအမျိုးအစားတွေကို ဒီလိုအုပ်စုခွဲလို့ ရပါတယ်…

အုပ်စု (၁)

ဖောင့်နေရာမှာ ယူနီကုဒ်ဖောင့်တစ်ခုခု ပြောင်းလိုက်ရုံ ဒါမှမဟုတ် မူလပါပြီးသား default ကို ထားလိုက်ရုံ၊ language နေရာမှာ ရွေးလိုက်ရုံနဲ့ ယူနီကုဒ်ဖြစ်သွားတာ။ ဥပမာ Mi ဖုန်းတွေ။

အုပ်စု (၂)

အုပ်စု ၁ လိုပဲ ပြောင်းရလွယ်တယ်။ ဒါပေမယ့် ဖုန်းတစ်ခုလုံးက စာတွေအကုန်လုံး မြန်မာလိုတွေ ဖြစ်ကုန်တာ။ အင်္ဂလိပ်လို ထားလို့မရ။ တစ်ချို့က အဲ့ဒါကို ကြိုက်တယ်။ တချို့က အဲ့ဒါကို မကြိုက်။ (root မဖောက်ချင်ဘူးဆိုရင်) ဖုန်းထုတ်တဲ့ ကုမ္ပဏီက update လိုမျိုးပေးမှ ပြင်လို့ရနိုင်မယ်။ ဥပမာ Oppo

အုပ်စု (၃)

သူကျတော့ တစ်မျိုး။ ယူနီကုဒ်တော့ အလွယ်တကူ ပြောင်းလို့ရပါရဲ့။ ဒါပေမယ့် browser မှာက ဇော်ဂျီကို အသေထည့်ထားလို့ ကျန်တဲ့နေရာမှာတော့ ယူနီကုဒ်မှန်တယ် browser တွေမှာက လွဲနေတဲ့ဖုန်းတွေ။ သူလည်း (root မဖောက်ချင်ဘူးဆိုရင်) ဖုန်းထုတ်တဲ့ ကုမ္ပဏီက update ပေးမှ ရမယ်။ ဥပမာ Huawei EMUI နိမ့်တာတွေ…

အုပ်စု (၄)

ဒီအုပ်စုထဲက ဖုန်းတွေက ယူနီကုဒ်စနစ်ကို support ပေးတယ်။ ဒါပေမယ့် စဝယ်ဝယ်ချင်းမှာ ဇော်ဂျီမပါတော့ တမင်တကာကို ဆိုင်သွား root ဖောက်ပြီး ဇော်ဂျီထည့်ထားတဲ့ဖုန်းတွေ။ အဲ့ဒီဖုန်းတွေကျ ယူနီကုဒ်ပြန်ထည့်ချင်ရင် root သုံးပြီး ပြန်ထည့်မှ ရမယ်။ ကိုယ့်ဘာသာကိုယ်လုပ်ရင် အဆင်မပြေ ဖြစ်နိုင်တဲ့အတွက် ဆိုင်သွားဖို့ လိုကောင်းလိုနိုင်တဲ့ ဖုန်းတွေ။ ဥပမာ Oneplus

အုပ်စု (၅)

ထွက်ခဲ့တာ အတော်ကြာနေပြီဖြစ်တဲ့ ဖုန်းတွေ။ အကြမ်းဖျင်းမှတ်ရင်တော့ Android version 4.1 ပတ်ချာလည်က ဖုန်းတွေ။ (တချို့ Android version 5 ပတ်ချာလည်တွေလည်းပါတယ်။) သူတို့က ဖုန်းရဲ့ system ကိုက ယူနီကုဒ်စနစ်ကို ထောက်ပံ့မပေးနိုင်တာ။ အရင် ဇော်ဂျီထည့်တုန်းကလည်း root ဖောက်ထည့်ထားရတာ။ (ဒါမှမဟုတ် စက်ရုံက တစ်ခါတည်း ထည့်ပေးလိုက်တာ။) အခု root ပြန်သုံးပြီး ယူနီကုဒ်ဖောင့်ထည့်လည်း မမှန်နိုင်ဘူး။

လောလောဆယ်မှာ အုပ်စု (၅) အတွက် ဖြေရှင်းဖို့နည်းလမ်း မရှိသေးပါဘူး။ ဖြစ်နိုင်ချေရှိတာက ဖုန်းရဲ့ ဖောင့်ပြတဲ့စနစ်ကို ကိုက်ညီအောင် အသစ်ပြန်ရေးပြီး ပြန်ထည့်တာပဲ။ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်။ မဖြစ်သေးတာပဲ ရှိတာ။

ကိုယ့်ရဲ့ဖုန်း၊ ယူနီကုဒ်ပြောင်းဖို့ ကိုယ်ကူညီနေတဲ့ဖုန်းက ဘယ်အုပ်စုထဲမှာ ပါနေသလဲဆိုတာ သိထားဖို့ လိုပါမယ်။ ကိုယ်တစ်ကယ်မလုပ်တတ်ရင်လည်း နားလည်တတ်ကျွမ်းသူများဆီမှာ ပြသပြီး ယူနီကုဒ်အရွေ့မှာ လိုက်ပါစီးမျောဖို့ လေးစားစွာဖြင့် အကြံပြုလိုက်ရပါတယ်။

Admin N

Leave a Comment