“မိုးဒိ” ဆိုတဲ့ နာမည်နဲ့ မီးထိုး၊ မှန်ထိုးလုပ်ခဲ့ဖူးတဲ့ ဦးမိုးဒီရဲ့ဘဝအစိတ်အပိုင်း - Bees Media Myanmar

မိုးဒီ လို့ပြောလိုက်ရင် မြန်မာတစ်ပြည်လုံး မသိသူမရှိလောက်အောင် ချစ်ကြတဲ့ နာမည်ကျော် လူရွှင်တော်၊ ဟာသသရုပ်ဆောင်ကြီးဟာ ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာတော့ အသက် ၆၉ နှစ်ကျော်လာပြီဖြစ်ကာ မကြာခင် ၇၀ ပြည့်တော့မှာပါ။ မိုးဒီကို ဟင်္သာတမြို့မှာ မွေးဖွားခဲ့ပြီး ဦးမိုးဒီရဲ့မွေးနေ့ဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် ဖြစ်ပါတယ်။ ငယ်စဉ်က ဟင်္သာတသားလေး ဖြစ်ခဲ့တဲ့ မိုးဒီဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက ပန်တျာကြည်လင်ဇာတ်အဖွဲ့ကို ဝင်ခဲ့ကာ မီးထိုးသမားအဖြစ် ၅ နှစ်ကျော်မျှ ဘဝကို ဖြတ်သန်းခဲ့ရသူပါ။

မိုးဒီ နဲ့ မောစ့် လို့ဆိုလိုက်ရင် နာမည်ကြားတာနဲ့ ရယ်ရပြီလို့ လူတိုင်းက တွက်ထားပြီးသားပါ။ ဒါပေမယ့် မောစ့်ဟာ မိုးဒီထက်ငယ်ပေမယ့် မိုးဒီထက်အရင် လောကကြီးထဲက ထွက်သွားပြီ ဖြစ်ပါတယ်။ မိုးဒီဟာ အသက် ၂၀ အရွယ်မှာတော့ ရွှေမန်းကျော်အောင် ဇာတ်အဖွဲ့သို့ ပြောင်းခဲ့ပြီး အဲ့ဒီမှာလည်း မီးထိုးသမားအဖြစ် ဖြတ်သန်းခဲ့ရကာ အဲ့ဒီအချိန်တုန်းက နာမည်ကတော့ “မိုးဒီ” မဟုတ်ပဲ “မိုးဒိ” ပါတဲ့။ အဲ့ဒီနောက်မှာတော့ စိန်မာဒင်ဇာတ်သို့ ပြောင်းလဲခဲ့ပြီး စိန်မာဒင်ဇာတ်မှာ ကြော်ငြာနာမည် မှားရိုက်မိရာကစလို့ “မိုးထိ” ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ခင်မာချိုအငြိမ့်အဖွဲ့သို့ ပြောင်းခဲ့ပြီး တဖြည်းဖြည်းနဲ့ “မိုးဒီ” ဆိုတဲ့ နာမည်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ဇာတ်အပြောင်းအရွှေ့ အနည်းငယ်ဖြစ်ခဲ့ပြီး စိန်မာဒင်ဇာတ်သို့ပြန်ရောက်ခဲ့ကာ နောက်ပိုင်းမှာ စိန်မာဒင်ဇာတ်ဟာ မိုးဝင်းဇာတ်ဖြစ်လာပြီး အဲ့ဒီအချိန်မှာမှ နောင်တွင် တွဲဖက်ညီလာမယ့် လူရွှင်တော်ကြီး မောစ့်နဲ့ စတွေ့ခဲ့ကာ မောစ့်နဲ့အတူ ၈ နှစ်နီးပါးကြာမျှ လက်တွဲဖျော်ဖြေခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ဦးတင်မြင့်၊ စာရေးဆရာ မောင်စိတ္တ၊ မော့စ် တို့နှင့် တွဲဖက်၍ တင်မိုးဝင်းဇာတ်ကို တည်ထောင်ခဲ့ပြီး ၃ နှစ်အကြာမှာ မိုးဒီ၊ မော့စ် ကျွန်တော့်သဘင် ဟူသော အမည်ဖြင့် အခြားဇာတ်တစ်ခုကို ၁ နှစ်ကြာမျှ တည်ထောင်ခဲ့ပါသေးတယ်။ ထို့နောက်တွင် ဦးစိန်ရိုးနှင့် တွဲဖက်၍ ရန်ကုန်သိန်းနိုင် အမည်ဖြင့် ဇာတ်တစ်ခုကို တည်ထောင်ခဲ့ပြန်ကာ နောက်ပိုင်းတွေမှာမှ ရုပ်ရှင်လောကထဲကို ကူးပြောင်းခဲ့ပုံ ရပါတယ်။

ဦးမိုးဒီဟာ မြန်မာဟာသသရုပ်ဆောင်တွေထဲမှာ ရှားရှားပါးပါးအဖြစ် အကယ်ဒမီဆုကိုလည်း ဆွတ်ခူးထားသူဖြစ်ပြီး သူ့ရဲ့တွဲဖက် ဦးမောစ့်ဟာလည်း မဆုံးပါးခင်မှာ အကယ်ဒမီ တစ်ကြိမ်တော့ ရရှိသွားပါသေးတယ်။ ဦးမိုးဒီ အကယ်ဒမီရရှိခဲ့တဲ့ ရုပ်ရှင်ကတော့ “ကိုးဆယ်ဆသာလိမ့်မယ်” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး ထန်းရည်သမားအဖြစ် ပီပြင်စွာသရုပ်ဆောင်ရင်း ဒရမ်မာဇာတ်ရုပ်နဲ့ အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် ကောင်းစံဟာ ဦးမိုးဒီရဲ့ သားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတာ့ အနုပညာလောကမှာ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဦးမိုးဒီတစ်ယောက် သက်ရှည်ကျန်းမာစွာနဲ့ အနုပညာလုပ်ငန်းတွေကို ရေရှည်လုပ်ကိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Leave a Comment