လက်ရှိငှားရမ်းနိုင်တဲ့ ကမ္ဘာထိပ်တန်း ကြေးစားစစ်တပ်များ - Bees Media Myanmar

လက်နက်ကိုင်စစ်တပ်လို့ဆိုလိုက်ရင် အစိုးရတပ်မတော်တွေ၊ ပုန်ကန်သူအဖွဲ့အစည်း တွေကိုသာ လူတွေကပြေးမြင်ကြပြီး ပုဂ္ဂလိကစစ်တပ်လို အဖွဲ့အစည်းတွေကိုတော့ လူသိနည်းပါးကြပါတယ်။ကြေးစားစစ်သားတွေ ငှားရမ်းအသုံးပြုခဲ့တဲ့ဓလေ့ကတော့ ရှေးရောမခေတ်မှတ်တမ်းတွေမှာရှိခဲ့သလို မြန်မာသမိုင်းဘက်ကိုကြည့်မယ်ဆိုရင်လည်း အနောက်ဘက်လွန်မင်း ကွက်မျက်ခဲ့တဲ့ ပေါ်တူဂီကြေးစားစစ်ဗိုလ် ငဇင်ကာတို့လိုသက်သေအထောက်အထားတွေရှိတာကြောင့် စစ်သမိုင်းဘက်ကကြည့်မယ်ဆိုရင် အဆန်းကြီးတော့လည်း မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ လက်ရှိအချိန်ထိတရားဝင် ကြေးစားစစ်သည် (၆၂၅၀၀၀)ဦးလောက်ရှိနေတယ်လို့သိရပါတယ်။ သူတို့အားလုံးဟာ စည်းစနစ်ကျနတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်ပြီး ဝင်ငွေလည်း သောက်သောက်လဲ ရရှိသူတွေဖြစ်ကြပါတယ်။ ကြေးစားစစ်သည် တွေရဲ့ ရည်မှန်းချက်ကတော့ လက်ရှိရဲတပ်ဖွဲ့တွေ၊သတင်းမီဒီယာတွေ၊ကမ္ဘာကုလသမဂ္ဂ နဲ့အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေလို ပြည်သူတွေကြားမှာ လုံခြုံးရေးအတွက် သီးသန့်ရပ်တည်နိုင်တဲ့အဖွဲ့တွေဖြစ်လာဖို့ရည်မှန်းထားကြပါတယ်။

Unity Resources Group

(၂၀၀၀)ပြည့်နှစ်ကတည်ထားခဲ့တဲ့ Unity Resources Group ဟာ သြစတေးလျကုမ္ပဏီ တစ်ခုဖြစ်ပြီး သူတို့ရဲ့ရုံးချုပ်ကိုတော့ စင်ကာပူနိုင်ငံမှာထားရှိပါတယ်။ ကြေးစားစစ်သည် အင်အား (၁၂၀၀)လောက်ရှိပြီး အီရတ်ကနေသြစတေးလျစစ်သည်တွေဆုတ်ခွာချိန်မှာ အစားထိုးတာဝန်ယူခဲ့တဲ့ လက်နက်ကိုင်လုံခြုံရေးဝန်ထမ်းတွေဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့မြို့တော်ဘဂ္ဂဒတ်မှာရှိတဲ့ သြစတေးလျသံရုံးတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေအတွင်းမှာ လက်သံပြောင်ခဲ့တဲ့အချိန်ကစပြီး Unity Resources Group ကကြေးစားစစ်သည်တွေရဲ့ နာမည်ဟာ စတင်ကျော်ကြားလာပါတယ်။

ဒီကြေးစားစစ်သည်အဖွဲ့ဟာ အီရတ်နိုင်ငံတွင်းသာမက လက်ဘနွန်နိုင်ငံရွေးကောက်ပွဲကာလမှာလည်း လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ခဲ့သလို ဘာရိန်းနိုင်ငံအရေးအခင်းကာလတွေ အတွင်းကလည်း နိုင်ငံရဲ့အဓိက ရေနံကုမ္ပဏီတွေကိုလည်းလုံခြုံရေး ပေးတဲ့အဖွဲ့အနေနဲ့လည်း ရပ်တည်ခဲ့ပါတယ်။ ယခုချိန်မှာဆိုရင် Unity Resources Group ဟာ အာဖရိကတစ်တိုက်လုံးနီးပါး၊တောင်အမေရိက၊အာရှနဲ့ဥရောပဘက်တွေအထိ သူတို့ရဲ့လုံခြုံရေးကွန် ယက်ကို ဖြန့်ကျက်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ Unity Resources Group ရဲ့နှစ်(၂၀) ကြာဝန်ဆောင်မှုပေးခဲ့တဲ့ လုံခြုံရေးဆိုင်ရာမှတ်တမ်းကောင်းတွေကြောင့်ပဲ ယခင်အဖွဲ့ငယ်လေးအနေအထားက ယခုချိန်မှာဆိုရင် ကမ္ဘာကျော်ကြေးစားတပ်ဖွဲ့တစ်ခုအနေနဲ့ အောင်မြင်စွာရပ်တည်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။

 Erinys International Ltd.

အီရတ်နိုင်ငံက အရေးပါတဲ့ရေနံတွင်းတွေ၊စက်ရုံတွေနဲ့ အစိုးရရုံးတွေကိုအဓိက ယခုချိန်ထိ အဓိကလုံခြုံရေးယူပေးနေတဲ့ အဖွဲ့ကတော့ Erinys ကြေးစားစစ်တပ်ဖြစ်ပါတယ်။ Erinys တွေဟာ အာဖရိကတိုက်က ကွန်ဂိုနိုင်ငံရဲ့သတ္ထုတွင်းတွေနဲ့ရေနံ၊သဘာဝဓာက် ငွေ့စီမံကိန်းတွေကိုကာကွယ်ပေးရန်အတွက် မကြာသေးခင်က အစိုးရနဲ့သဘောတူညီ မှုစာချုပ်(၂)ခုအထိချုပ်ဆိုထားတယ်လို့သိရပါတယ်။ သူတို့ရဲ့ရုံးချုပ်ကတော့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ရှိနေပါတယ်။

နည်းပညာပိုင်းမှာရော၊လုံခြုံရေးပိုင်းမှာပါ ထက်မြတ်တဲ့ စစ်သည်ဟောင်းတွေပါဝင်တဲ့ Erinys ဟာ လုံခြုံရေးဆိုင်ရာ အဖွဲ့ငယ်များစွာကိုလည်းဖွဲ့စည်းထားပြီး လူပုဂ္ဂိုလ်လုံခြုံရေးတွေအထိ တာဝန်ယူ ဝန်ဆောင်မှုပေးပါတယ်။ ဒါအပြင် လုံခြုံရေးသင်တန်း၊စစ်လက်နက်တပ်ဆင်ရေးသင်တန်းတွေ၊ကိုယ်ခံပညာသင်ကြားရေးသင်တန်းတွေ အဆောက်အအုံလုံခြုံရေး အကြံပေးချက်တွေကိုပါ ဝန်ဆောင်မှုပေးလေ့ရှိတဲ့ အဖွဲ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကလက်တွဲသူ တွေဘက်က ပေးရတဲ့ဈေးနှုန်းနဲ့ထိုက်တန်တဲ့ ဝန်ဆောင်မှုပေးတဲ့ကြေးစားစစ်တပ်အဖြစ် သတ်မှတ်ခံထားရသူတွေလည်းဖြစ်ပါတယ်။

 Triple Canopy

အီရတ်မှာရှိတဲ့ အမေရိကန်စစ်တပ်နေရာမှာ တရားဝင်အစားထိုးဝင်ရောက်လာတဲ့ ကြေးစားစစ်တပ်ကုမ္ပဏီကတော့ (၂၀၀၃)ခုနှစ်က အမေရိကန်အထူးတပ်ဖွဲ့ စစ်ပြန်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ Triple Canopy ဖြစ်ပါတယ်။ Triple Canopy အဖွဲ့ဝင်အများစုကတော့ ယူဂန်ဒါနဲ့ ပီရူးနိုင်ငံသားတွေဖြစ်ကြပြီး ဒီအဖွဲ့နဲ့ အီရတ်အစိုးရနဲ့သဘောတူစာချုပ်ဟာ အမေရိကန် ဒေါ်လာ(၁.၅) ဘီလီယံတန်ကြေးရှိပါတယ်။ သူတို့ရဲ့အဖွဲ့ဝင်အင်အားက ၂၀၀၀၀ ခန့်ရှိနေပြီး ရုံးချုပ်ကတော့ အမေရိကန် ဗာဂျီးနီးယားပြည်နယ် Reston မြို့မှာပါ။

Triple Canopy ဟာ အီရတ်မှာသာမက ဟေတီနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အစ္စရေးသံရုံးတွေရဲ့ လုံခြုံရေးကိုတာဝန်ယူထားတာကိုတွေ့ရပြီး အခြားသောအမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုအဆောက်အအုံတွေမှာပါ အချိန်ပြည့်လုံခြုံရေးတာဝန်တွေ ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ Triple Canopy ဟာ Constellis Group မှာပါဝင်တဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး အခြားသောလုံခြုံရေးကုမ္ပဏီတွေဖြစ်တဲ့ ACADEMI၊ Oliver Group၊ Edinburgh International တွေနဲ့ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုတွေကို ကမ္ဘာနဲ့အဝှမ်း လုပ်ဆောင်ပေးနေပါတယ်။

Defion International

Defion International ကတော့ထောင်ပေါင်းများစွာသော နိုင်ငံပေါင်းစုံကတိုက်ခိုက် ရေးသမားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။Defion International ရဲ့အဖွဲ့ငယ် တစ်ခုရဲ့လစဉ်ကြေးကတော့အနည်းဆုံးတစ်လကို အမေရိကန်ဒေါ်လာ (၁၀၀၀)သာ ကျသင့်ပြီး ရာဇဝတ်ဂိုဏ်းတွေအတွက်ပါ ကြေးစားစစ် မှုထမ်းခဲ့ကြတာကြောင့် နိုင်ငံအချို့ရဲ့ဒေါသထွက်၊တိုင်တန်းခြင်းကိုခံရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ အဖွဲ့ရဲ့ဌာနချုပ်ကတော့ ပီရူးနိုင်ငံ၊လီမာမြို့မှာအခြေစိုက်ပြီး စစ်မှုရေးရာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအနေနဲ့ တပ်သားသစ်လေ့ကျင့်မှုလုပ်ငန်းတွေ၊ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတွေ/ထောက်ပံ့မှုလုပ်ငန်းတွေ၊ အုပ်ချုပ်ရေး၊လက်နက်တပ်ဆင်ရေးလုပ်ငန်း တွေကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

Defion International ရဲ့ရုံးခွဲတွေကို အီရတ်၊ သီရိလင်္ကာ၊ဖစ်လပိုင်နဲ့ ဒူဘိုင်းတွေမှာလည်း ဖွင့်လှစ်ထားရှိပါတယ်။ အခြားကြေးစားစစ်သည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tripple အပြင် အမေရိကန်အစိုးရနဲ့ သဘောတူညီမှုစာချုပ်တွေချုပ်ဆိုထားပြီး အုပ်ချုပ်ရေးနဲ့ထောက်ပံ့မှုအပိုင်းတွေမှာ အင်္ဂလိပ်လူမျိုးပါမောက္ခတွေ အထိလာရောက်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒါအပြင်စစ်ထောက်လှမ်းရေးဟောင်းတွေ စီအိုင်အေ အေဂျင့်ဟောင်းတွေအပြင် အငြိမ်းစားယူပြီးဖြစ်တဲ့ဗိုလ်ချုပ်ကြီးတွေအထိ Defion International အဖွဲ့အတွင်းမှာပါဝင်နေပါတယ်။

 Academi

အမေရိကန်အခြေစိုက် Academi ကြေးစားစစ်တပ်ကတော့ ယခင်က Blackwater အဖွဲ့ဆိုပြီးလူသိများပြီး နာမည်ကျော်အီရတ်စစ်မြေပြင်မှာအစွမ်းပြခဲ့တဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်အစိုးရရဲ့ စစ်လက်နက် ဆိုင်ရာပေါ်လစီတွေကြောင့် အဖွဲ့ဝင်ဦးရေကိုလျော့ချခဲ့ပြီး ယနေ့အချိန်ထိ အီရတ်အစိုးရထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အရှေအလယ်ပိုင်းကနာမည်ကျော်ပုဂ္ဂိုလ်တွေအတွက် ကြေးစား စစ်မှုထမ်းဆောင်နေဆဲဖြစ်ပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စု၊ နယူးအောလင်းပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုတ်ခတ်ပြီးချိန်မှာလည်း အရေးပေါ်ကာလအဖြစ် ဒေသလုံခြုံရေးတာဝန်တွေကိုယူခဲ့သလို ဂျပန်နိုင်ငံအတွင်းက ဒုံးကျည်ကာကွယ်ရေး စနစ်လုပ်ငန်းတွေမှာလည်း လက်ရှိအချိန်ထိ တာဝန်ယူပေးနေတာကိုတွေ့ရပါတယ်။ သူရဲ့ရုံးချုပ်ကတော့ အမေရိကန်ဗာဂျီးနီးယားပြည်နယ် Reston မြို့မှာ ရှိနေပြီး CIA လို အဖွဲ့ကြီးကတောင် Academi အဖွဲ့ကြီးဆီက အကူအညီယူနေရပါတယ်။

G4S Security

ကမ္ဘာ့အင်အားကြီးမားဆုံး ကြေးစားစစ်တပ်ကြီးကတော့ G4S Security ပဲဖြစ်ပါတယ်။ G4S Security က ကမ္ဘာ့အကြီးဆုံး လုံခြုံရေးကုမ္ပဏီကြီးဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၅သိန်းကျော် နဲ့ ဖွဲ့စည်းထားပါတယ်။ G4S Security ဟာ ဘဏ်တွေ၊ အကျဉ်းထောင်နဲ့ လေဆိပ်လုံခြုံရေးလုပ်ငန်းတွေကိုအဓိကလုပ်ဆောင်နေတယ်ဆိုပေမယ့် ကမ္ဘာတစ်ဝှမ်းက မငြိမ်မသက်ဖြစ်နေတဲ့နေရာတွေကိုလုံခြုံရေးပေးတဲ့ ကြေးစားစစ်သည်တွေအဖြစ်လည်း နာမည်ကျော်ပါတယ်။

G4S Security ရဲ့ရုံးချုပ်ကတော့ လန်ဒန်မြို့မှာ အခြေစိုက်ပြီး သက်ဆိုင်ရာအစိုးရနဲ့ တပ်မတော်တွေဖြေရှင်းဖို့ခက်ခဲနေတဲ့ စစ်ရေးဆိုင်ရာပြသာနာတွေကို သူတို့ရဲ့သတ်မှတ်ထားတဲ့ မူဝါဒနဲ့စိစစ်ပြီး ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။ အီရတ်နိုင်ငံတွင်းက အကြမ်းဖက်တန်ပြန်ထိုးစစ်ပွဲတွေသာမက အထူးယာဉ်တန်းလုံခြုံရေးတွေအထိ GAS Security တွေ ပါဝင်ခဲ့ကြပြီး ယနေ့အချိန်မှာဆိုရင် အာဖရိကနဲ့ လက်တင်အမေရိကမှာရှိတဲ့ စစ်ရေးပရိပက္ခဖြစ်ပွားနေတဲ့နေရာတွေအပြင် နိုင်ငံပေါင်း(၁၂၅)နိုင်ငံမှာ လုံခြုံရေးဝန်ဆောင်မှုတွေပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

သင်လည်း ဒီလိုအင်အားတောင့်တင်းတဲ့ ကိုယ်ပိုင်ကြေးစားစစ်တပ်တွေလိုအပ်နေရင်တော့ ဒီအဖွဲ့အစည်းတွေက သင့်ရဲ့အကျိုးစီးပွားကို အရိုးကြေကြေ အရေခမ်းခမ်း ထမ်းရွက်ကြမှာ အသေအချာပါပဲ။ ဒါပေမယ့် လစာတော့ ပိုးစိုးပက်စက်ပေးရမှာပါခင်ဗျ။

Admin N

Leave a Comment